တနင်္လာနေ့၊ နိုဝင်ဘာ ၁၀
အရာရာကို မှန်မမှန် အသေအချာ စစ်ဆေးပါ။—၁ သက်. ၅:၂၁။
“စစ်ဆေး” လို့ ပြန်ဆိုထားတဲ့ ဂရိ ဝေါဟာရကို ကျောက်မျက်ရတနာတွေ စစ်တာနဲ့ ဆက်စပ်သုံးလေ့ရှိတယ်။ ကျွန်တော်တို့ ကြားရတာ၊ ဖတ်ရတာတွေ မှန်မမှန် စစ်ဆေးဖို့ ပြောနေတာ။ ကြီးစွာသောဒုက္ခ နီးကပ်လာတဲ့ ကာလမှာ အသက်ရှင်နေရလို့ ပိုလို့တောင် စစ်ဆေးကြရမယ်။ တခြားသူတွေ ပြောသမျှ မျက်စိမှိတ် ယုံမယ့်အစား ကိုယ်ကြားရတာ၊ ဖတ်ရတာတွေဟာ ကျမ်းစာမှာ ပြောတာ၊ အဖွဲ့အစည်း ပြောတာနဲ့ ကိုက်မကိုက် စဉ်းစားဆင်ခြင်နိုင်စွမ်း သုံးပြီး စစ်ဆေးကြရမယ်။ ဒါဆိုရင် နတ်ဆိုးတွေရဲ့ ဝါဒဖြန့်မှု၊ အလိမ်အညာတွေကြောင့် လှည့်စားခံရမှာ မဟုတ်ဘူး။ (ပညာ. ၁၄:၁၅။ ၁ တိ. ၄:၁) ကြီးစွာသောဒုက္ခမှာ ဘုရားကျေးကျွန်တွေ အုပ်စုလိုက်အနေနဲ့ လွတ်မြောက်မယ်ဆိုတာ ကျွန်တော်တို့ သိကြတယ်။ တစ်ယောက်ချင်းစီအနေနဲ့တော့ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ မသိကြဘူး။ (ယာ. ၄:၁၄) ကြီးစွာသောဒုက္ခကို ကပ်ကျော်သည်ဖြစ်စေ၊ အဲဒီမတိုင်ခင် သေသွားသည်ဖြစ်စေ သစ္စာရှိနေမယ်ဆိုရင် ထာဝရအသက် ဆုချခံရမယ်။ အဲဒီမျှော်လင့်ချက်ကို အာရုံစိုက်ရင်း ယေဟောဝါရဲ့ နေ့အတွက် အသင့်ရှိနေကြရအောင်။ w23.06 ၁၃ ¶၁၅-၁၆
အင်္ဂါနေ့၊ နိုဝင်ဘာ ၁၁
အတွင်းရေးကိစ္စ မဖော်ပြဘဲ ဘာတစ်ခုမှ မလုပ်ဘူး။—အာ. ၃:၇။
ကျမ်းစာ ကြိုဟောချက်တချို့ ဘယ်လို ပြည့်စုံလာမယ်ဆိုတာ ကျွန်တော်တို့ မသိကြဘူး။ (ဒံ. ၁၂:၈၊ ၉) ဒါပေမဲ့ ဘယ်လို ပြည့်စုံလာမယ်ဆိုတာ အတိအကျ မသိတာနဲ့ပဲ ပြည့်စုံလာမှာ မဟုတ်ပါဘူးလို့ ပြောလို့ မရဘူး။ ကျွန်တော်တို့ သိဖို့ လိုတာကို သိဖို့ လိုတဲ့ အချိန် အတိအကျမှာ ယေဟောဝါ ဖွင့်ပြမယ်ဆိုတာ စိတ်ချနိုင်တယ်။ အတိတ်တုန်းကလည်း အဲဒီလို အမြဲ ဖွင့်ပြခဲ့လို့ပဲ။ မကြာခင် “ငြိမ်းချမ်းပြီ၊ လုံခြုံပြီ” လို့ တိုင်းနိုင်ငံတွေ ကြေညာကြမယ်။ (၁ သက်. ၅:၃) မှားယွင်းတဲ့ ဘာသာရေးကို ကမ္ဘာ့နိုင်ငံရေး အင်အားစုတွေ တိုက်ခိုက်ဖျက်ဆီးကြမယ်။ (ဗျာ. ၁၇:၁၆၊ ၁၇) အဲဒီနောက် ဘုရားလူမျိုးကို တိုက်ခိုက်ကြမယ်။ (ယေဇ. ၃၈:၁၈၊ ၁၉) ဒီလိုနဲ့ နောက်ဆုံး စစ်ပွဲ အာမဂေဒုန် စလာမယ်။ (ဗျာ. ၁၆:၁၄၊ ၁၆) ဒီဖြစ်ရပ်တွေ မကြာခင် ဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့ စိတ်ချနိုင်တယ်။ ဒီအတောအတွင်းတော့ ကျမ်းစာ ကြိုဟောချက်တွေကို အာရုံစိုက်ခြင်း၊ တခြားသူတွေလည်း အာရုံစိုက်နိုင်အောင် ကူညီပေးခြင်းအားဖြင့် ကောင်းကင်ဘုံစံ မေတ္တာရှင် အဖကို ကျေးဇူးတင်ကြောင်း ဆက်ပြကြရအောင်။ w23.08 ၁၃ ¶၁၉-၂၀
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာ ၁၂
အချင်းချင်း ချစ်မြဲ ချစ်ကြစို့။ မေတ္တာဟာ ဘုရားသခင်ဆီက အရင်းခံတယ်။ —၁ ယော. ၄:၇။
ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းမေတ္တာဆိုတဲ့ အရည်အသွေး သုံးမျိုးထဲမှာ “ချစ်ခြင်းမေတ္တာဟာ အမြတ်ဆုံးပဲ” လို့ တမန်တော် ပေါလု ပြောတယ်။ (၁ ကော. ၁၃:၁၃) ဘာကြောင့်လဲ။ မျှော်လင့်နေတဲ့ ကမ္ဘာသစ် ကတိအားလုံး အနာဂတ်မှာ ပြည့်စုံသွားတဲ့အခါ မျှော်နေစရာ၊ ယုံနေစရာ မလိုတော့ဘူး။ ယေဟောဝါနဲ့ လူလူချင်းကိုတော့ အမြဲ ချစ်နေရမှာ။ ချစ်သည်ထက် ချစ်နေရမှာ။ ချစ်ခြင်းမေတ္တာက ခရစ်ယာန်စစ်တွေကို ခွဲခြားသိစေတယ်။ “အချင်းချင်း ချစ်မယ်ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်တပည့်တွေပဲဆိုတာ လူတွေ သိလိမ့်မယ်” လို့ တမန်တော်တွေကို ယေရှု ပြောတယ်။ (ယော. ၁၃:၃၅) ဒါ့အပြင် ချစ်ခြင်းမေတ္တာက စည်းလုံးစေတယ်။ “စည်းလုံးခြင်းအတွက် ခိုင်မြဲတဲ့ နှောင်ကြိုး” လို့ ပေါလု ခေါ်ထားတယ်။ (ကော. ၃:၁၄) အချင်းချင်း ချစ်တဲ့အခါ ဘုရားကို ချစ်ရာ ရောက်တယ်။ “ဘုရားသခင်ကို ချစ်ရင် ညီအစ်ကိုကိုလည်း ချစ်ရမယ်” လို့ တမန်တော် ယောဟန် ပြောတယ်။—၁ ယော. ၄:၂၁။ w23.11 ၈ ¶၁၊ ၃